Skip to content

စားသောက်ကုန်တွေမှာတက်တဲ့မှိုနဲ့ Aflatoxin (အေဖလာတောက်ဆင်) အဆိပ်

*** စားသောက်ကုန်တွေမှာတက်တဲ့မှိုနဲ့ Aflatoxin (အေဖလာတောက်ဆင်) အဆိပ် ***

** Aflatoxin အဆိပ်ဆိုတာ ဘာလဲ **

Aflatoxin (အေဖလာတောက်ဆင်) အဆိပ်ဆိုတာ သီးနှံတွေ စားသောက်ကုန်တွေမှာ တက်တတ်တဲ့ Aspergillus မှိုကနေ ထုတ်တဲ့ အဆိပ်ဓာတ်တစ်မျိုးပါ။

အဲဒီမှိုတက်ထားတဲ့စားသောက်ကုန်တွေ သီးနှံတွေမှာ Aflatoxin အဆိပ် ပါဝင်နေနိုင်ပါတယ်။ အဲဒီအဆိပ်ဓာတ်ပါတဲ့ အစားအစာတွေကို စားမိတဲ့ လူတွေ တိရစ္ဆာန်တွေမှာ ဆိုးရွားတဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မို့ အေဖလာတောက်ဆင်အဆိပ်ဟာ အစားအစာအန္တရာယ်ကင်းရှင်းမှုနဲ့ ပတ်သက်ပြီး အရေးတကြီး ပြောဆိုလာကြတဲ့ ကိစ္စတစ်ခုပါ။

(မှိုတက်တဲ့ အစားအစာတိုင်းမှာတော့ Aflatoxin ပါနေနိုင်တာမဟုတ်ပါဘူး။ Aflatoxin အဆိပ်ကို A. flavus, A. parasiticus, A. nomius မှိုမျိုးစိတ် (၃) ခုကပဲ အဓိက ထုတ်တာပါ။)

** Aflatoxin က ဘယ်သီးနှံတွေ၊ စားသောက်ကုန်တွေမှာ ပါလာနိုင်သလဲ **

Aflatoxin ထုတ်တဲ့ Aspergillus မှိုက သီးနှံတော်တော်များများမှာ တက်နိုင်ပါတယ်။ သီးနှံတွေ စိုက်ခင်းထဲရှိနေတုန်းမှာ၊ ရိတ်သိမ်းနေတုန်းကာလမှာ၊ သယ်ယူပို့ဆောင်တဲ့အချိန်မှာ၊ သိမ်းဆည်းထားတဲ့အချိန်မှာ၊ စားသောက်ကုန်အဖြစ် ထုတ်လုပ်တဲ့အချိန်တွေမှာ Aspergillus မှို တက်နိုင်ပါတယ်။ (အပူချိန် ၂၈ံC မှာ ပေါက်ပွားမှုအများဆုံးဖြစ်ပါတယ်။ အပူချိန် ၂၀ံC အောက်နဲ့ ၃၇ံC အထက်မှာဆိုရင်တော့ မပေါက်ပွားနိုင်ပါဘူး။)

Aspergillus မှိုက ပြောင်း၊ မြေပဲ၊ အခွံမာသီးတွေနဲ့ အုန်းသီးတွေမှာ အတွေ့ရအများဆုံးလို့ ဆိုပါတယ်။ ဂျုံ၊ မုရောစပါး၊ ဘာလီ၊ ဆန်၊ ပီလောပီနံ၊ ပဲအမျိုးမျိုး၊ နှံစားပြောင်းနဲ့ ငရုပ်သီး၊ ကြက်သွန်တွေမှာလည်း အတွေ့ရများပါတယ်။

အဲဒီတော့ ကောက်ပဲသီးနှံအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ အခွံမာသီးတွေ၊ ဟင်းခပ်အမွှေးအကြိုင်တွေနဲ့ အဲဒီသီးနှံတွေကနေ ထုတ်လုပ်တဲ့ စားသောက်ကုန်တွေမှာ Aflatoxin ပါဝင်နေနိုင်ပါတယ်။

** အသားငါးတွေမှာရော Aflatoxin အဆိပ် ပါလာနိုင်သလား **

ပါနိုင်ပါတယ်။ Aflatoxin အဆိပ်ပါတဲ့ အစားအစာတွေကိုစားတဲ့ တိရစ္ဆာန်တွေမှာလည်း Aflatoxin အဆိပ်သင့်နိုင်ပါတယ်။ အဲဒီတိရစ္ဆာန်တွေကနေ ထွက်ရှိလာတဲ့ အသားတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥဘဲဥတွေမှာ Aflatoxin အဆိပ်ပါဝင်နေနိုင်ပါတယ်။

** Aflatoxin ဘယ်နှမျိုးရှိသလဲ **

အမျိုးအစား ၂၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးကို ထိခိုက်စေတာကတော့ B1, B2, G1, G2, M1, M2 ဆိုတဲ့ အမျိုးအစား (၆) မျိုးပဲ ဖြစ်ပါတယ်။ A. flavus က B1 နဲ့ B2 တွေ ထုတ်နိုင်ပြီး A. parasiticus ကတော့ G1, G2, M1, B1, B2 (၅) မျိုး ထုတ်နိုင်ပါတယ်။ အဆိပ်ပြင်းအားကတော့ B1 > G1 > B2 > G2 အစဉ်လိုက်ပါပဲ။

** Aflatoxin အဆိပ်ပါတဲ့ အစားအစာတွေကို စားရင် ဘာတွေဖြစ်နိုင်သလဲ **

Aflatoxin ဟာ အစားအစာတွေကနေတစ်ဆင့် လူတွေ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို ကြီးကြီးမားမား အန္တရာယ်ပေးနိုင်တဲ့ ပြဿနာတစ်ခုပါ။ သူ့ရဲ့ ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် EU (European Union) က Aflatoxin ကို Rapid Alert System for Food and Feed (RASFF) လုပ်ဖို့လိုအပ်တဲ့ပြဿနာတွေထဲမှာ ထည့်ထားပါတယ်။ ကင်ဆာရောဂါတွေနဲ့ပတ်သက်ပြီး သုတေသနတွေအများကြီးလုပ်နေတဲ့ IARC (International Agency for Research on Cancer) ကလည်း Aflatoxin B1 ကို လူတွေမှာ ကင်ဆာရောဂါဖြစ်စေနိုင်တာသေချာတဲ့ ဓာတ်ပစ္စည်းတစ်ခုအဖြစ် (Group 1 အဖြစ်) သတ်မှတ်ထားပါတယ်။

Aflatoxin ကြောင့် အဓိက ထိခိုက်နိုင်တာကတော့ အသည်းပါ။ ဝှေးစေ့၊ ဝှေးစေ့အညှာ၊ ကျောက်ကပ်၊ နှလုံးနဲ့ အာရုံကြောတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Aflatoxin အဆိပ်တွေ အများကြီးပါတဲ့ အစားအစာတွေကို စားမိရင်တော့ အဆိပ်သင့်တဲ့လက္ခဏာတွေ ချက်ချင်း ပေါ်လာနိုင်ပါတယ်။ ဖျားတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ အစားအသောက်ပျက်တာ၊ ဗိုက်နာတာ၊ ပျို့အန်တာ၊ ဖောရောင်တာ၊ အသည်းရောင်တာ၊ အသည်းပုပ်တာတွေ တွေ့ရနိုင်တယ်။

Aflatoxin ပါတဲ့အစားအစာတွေကို နှစ်ရှည်လများစားမိတယ်ဆိုရင်တော့ ကင်ဆာရောဂါတွေ၊ ကိုယ်ခံအားကျဆင်းတာတွေ၊ ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာတွေ ဖြစ်လာနိုင်ပါတယ်။ Aflatoxin နဲ့ပတ်သက်ပြီး အဖြစ်အများဆုံးကင်ဆာကတော့ အသည်းကင်ဆာပါ။

** အစားအစာတွေထဲမှာ Aflatoxin အဆိပ်ဓာတ် ပါ မပါ ဘယ်လိုသိနိုင်မလဲ **

အစားအစာတွေထဲမှာ Aflatoxin အဆိပ်ဓာတ် ပါ မပါကို မျက်စိနဲ့ ဒီအတိုင်းကြည့်လို့တော့ မသိနိုင်ပါဘူး။ အစားအစာတစ်ခုကို သေသေချာချာ ဓာတ်ခွဲစမ်းသပ်ကြည့်ပြီးတော့မှပဲ သိနိုင်မှာပါ။

** အစားအစာတွေကို သေသေချာချာ ချက်ပြုတ်မယ်ဆိုရင် အဆိပ်ဓာတ်တွေ ပြယ်သွားနိုင်သလား **

Aflatoxin အပါအ၀င် မှိုတွေကထုတ်တဲ့အဆိပ်ဓာတ်အများစုက အပူဒဏ်ကို ခံနိုင်ကြပါတယ်။ ပုံမှန်ချက်ပြုတ်တဲ့ အပူချိန်လောက်နဲ့ ဓာတ်ပြယ်မသွားနိုင်ပါဘူး။ အပူချိန်ဘယ်လောက်မြင့်မြင့်ပေးတယ်၊ အပူချိန်ဘယ်လောက်ကြာကြာပေးတယ် ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

Aflatoxin ဟာ အပူချိန် ၂၃၇ – ၃၀၆ံC လောက်မှ ဓာတ်ပြယ်နိုင်ပါတယ်။ ပုံမှန်ချက်ပြုတ်တဲ့အပူချိန်တွေမှာတော့ Aflatoxin ပါဝင်မှုပမာဏ လျော့နည်းသွားနိုင်ပေမယ့် ပါဝင်နေသမျှ Aflatoxin တွေအကုန်လုံးတော့ ဓာတ်ပြယ်သွားဖို့တော့ မဖြစ်နိုင်ပါဘူး။
(Aflatoxin B1 က ကင်ဆာဖြစ်စေနိုင်စွမ်း အများဆုံးဖြစ်တဲ့အပြင် အပူဒဏ်ကိုလည်း ခံနိုင်ရည်အမြင့်ဆုံးပါပဲ။ နွားနို့ထဲမှာပါတဲ့ Aflatoxin M1 ဆိုရင်လည်း နို့ကို ကျိုချက်ရုံ၊ Pastuerize လုပ်ရုံနဲ့ မပျက်စီးသွားနိုင်ပါဘူး။)

** Aflatoxin အန္တရာယ်ကို ဘယ်လို ကာကွယ်ရှောင်ရှားလို့ရမလဲ **

ပထမတစ်ချက်ကတော့ သီးနှံတွေနဲ့ သီးနှံထုတ်ကုန်တွေမှာ Aflatoxin ထုတ်တဲ့ Aspergillus မှို တက်မလာအောင် ကာကွယ်ဖို့လိုပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ GAPs (Good Agricultural Practices) တွေကို လိုက်နာဖို့လိုသလို အန္တရာယ်ရှိတဲ့မှိုတွေ မတက်အောင် လုပ်တဲ့ခေတ်မီနည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

စားသောက်ကုန်ထုပ်လုပ်တဲ့သူတွေအနေနဲ့တော့ GMPs (Good Manufacturing Practices) တွေကို လိုက်နာခြင်း၊ HACCP (Hazard Analysis of Crital Control Points) နည်းစနစ်ကို လိုက်နာကျင့်သုံးခြင်း၊ ထုတ်လုပ်တဲ့ စားသောက်ကုန်တွေမှာ Aflatoxin ပါဝင်မှုကို ပုံမှန်စစ်ဆေးကြည့်ခြင်းတွေအားဖြင့် Aflatoxin ပါဝင်မှုကို လျှော့ချနိုင်ပါတယ်။ စားသောက်ကုန်တွေမှာ Aflatoxin အဆိပ်ဓာတ် ကင်းစင်အောင် လုပ်နိုင်တဲ့ ခေတ်မီနည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ (GMP နဲ့ HACCP အကြောင်းကို နောက်ကျရင် သပ်သပ်ပြောပြပါ့မယ်။)

စားသုံးသူတွေအနေနဲ့တော့ စားသောက်ကုန်ပစ္စည်းတွေကို ၀ယ်ယူတဲ့အခါ Aflatoxin မပါဝင်တာသေချာတဲ့ အရည်အသွေးပြည့်မီကြောင်းအာမခံတဲ့ စားသောက်ကုန်တွေကို ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။ စားသောက်ကုန်ပစ္စည်းတွေကို သိမ်းဆည်းရာမှာလည်း မှိုမတက်အောင် စနစ်တကျသိမ်းဆည်းဖို့ လိုပါတယ်။

စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးမှုနည်းနေသေးတဲ့ နိုင်ငံတွေမှာတော့ Aflatoxin ဟာ အစားအစာအန္တရာယ်ကင်းရှင်းမှုနဲ့ ပတ်သက်တဲ့ ပြဿနာကြီးတစ်ခုအနေနဲ့ ရှိနေပါတယ်။

Aflatoxin အဆိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖြေရှင်းဖို့ ဌာနဆိုင်ရာတွေ၊ အသိပညာရှင်အတတ်ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး အဘက်ဘက်ကနေ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း ဖြစ်လာနိုင်တဲ့ပြဿနာတွေကို သိရှိနားလည်ပြီး သတိရှိရှိ ရှောင်ရှားတတ်ဖို့ လိုအပ်ပါတယ်။

Three Stars
ငရုပ်၊ သီးနှံခြောက်နှင့် အမှုန့်အမျိုးမျိုး
*** Netherlands နိုင်ငံအသိအမှတ်ပြု ISO 22000, GMP, HACCP, EU & USDA Organic Certificate လက်မှတ်ရ စားသောက်ကုန်အမှတ်တံဆိပ် ***

#ThreeStars
#Chili
#Organicproducts
#productofmyanmar
#certifiedorganicproduct
#haccp
#gmp
#iso22000

Reference:
Kumar, P., Mahato, D.K., Kamle, M., Mohanta, T.K., Kang, S.G., 2017. Aflatoxins: A Global Concern for Food Safety, Human Health and Their Management. Front. Microbiol. 07. https://doi.org/10.3389/fmicb.2016.02170

Leave a Comment





This site uses Akismet to reduce spam. Learn how your comment data is processed.

Scroll To Top