Skip to content

*** စားသောက်ကုန်ပစ္စည်းတွေနဲ့ ဆိုးဆေးအန္တရာယ် ***

** စားသောက်ကုန်ပစ္စည်းတွေမှာ ဆိုးဆေးတွေကို ဘာလို့သုံးကြတာလဲ **

တချို့စားသောက်ကုန်ပစ္စည်းတွေဟာ သဘာဝအတိုင်းဆိုရင် အရောင်အဆင်းသိပ်လှလေ့ မရှိပါဘူး။ အဲဒီတော့ စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ ကိုယ့်ကုန်ပစ္စည်းကို အရောင်အဆင်းလှလှပပဖြစ်ပြီး စားသုံးသူတွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိစေဖို့ အစားအစာတွေမှာ ဆိုးဆေးတွေကို ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။

အစားအစာတွေမှာ ဆိုးဆေးတွေအသုံးပြုတာကလည်း ခုခေတ်မှ မဟုတ်ပါဘူး။ BC ၂၅၀၀ လောက်ကတည်းက တရုတ်ပြည်မှာ၊ BC ၁၅၀၀ လောက်ကတည်းက အီဂျစ်ပြည်မှာ သဘာဝဆိုးဆေးတွေကို အစားအစာတွေမှာ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ လူတွေဖန်တီးထားတဲ့ ဆိုးဆေးတွေကိုတော့ ၁၉ ရာစုအစောပိုင်းလောက်ကမှ စပြီးတီထွင်အသုံးပြုခဲ့ကြတာပါ။

** စားသောက်ကုန်တွေမှာ ဆိုးဆေးတွေကို တရားဝင်ထည့်သုံးခွင့် ရှိတာလား **

အစားအသောက်ဆိုးဆေး (Food dyes) လို့ ပြောရင် သဘာဝဆိုးဆေး (Nautral dyes) နဲ့ လူတွေဖန်တီးထားတဲ့ ဆိုးဆေး (Artificial dyes) ဆိုပြီး (၂) မျိုး ခွဲခြားလို့ရတယ်။

လူတွေဖန်တီးထားတဲ့ အထဲမှာမှ ခွင့်ပြုထားတဲ့ဆိုးဆေး (Permitted dyes) နဲ့ ခွင့်ပြုမထားတဲ့ဆိုးဆေး (Non-permitted dyes) ဆိုပြီး (၂) မျိုး ထပ်ခွဲလို့ ရပါတယ်။

Permitted dyes တွေကတော့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တာမျိုး မဟုတ်လို့ အစားအသောက်တွေမှာ တရားဝင် သုံးစွဲလို့ ရပါတယ်။ Codex alimentarious အရ အစားအသောက်အရောင်အတွက် အသုံးပြုလို့ရတယ်လိုသတ်မှတ်ထားတာ (၄၇) မျိုး ရှိပါတယ်။

ခွင့်ပြုစာရင်းထဲမှာ မပါတဲ့ ဆိုးဆေးတွေကို Non-permitted dyes လို့ သတ်မှတ်ပါတယ်။ Non-permitted dyes တွေကို အစားအစာတွေမှာ ထည့်သုံးလို့ မရပါဘူး။ ထည့်သွင်းအသုံးပြုခဲ့မယ်ဆိုရင် တရားဥပဒေအရ အရေးယူလို့ ရပါတယ်။

** Non-permitted dyes ပါတဲ့ အစားအစာတွေကို စားမိရင် ဘာတွေဖြစ်နိုင်သလဲ **

Non-permitted dyes တွေဟာ အထည်အလိပ်လုပ်ငန်းစတဲ့ တခြားစက်မှုလုပ်ငန်းတွေမှာ အသုံးပြုလေ့ရှိတဲ့ ဆိုးဆေးတွေ ဖြစ်လေ့ရှိပါတယ်။ အဲဒီဆိုးဆေးတွေက Permitted dyes တွေထက်စာရင် ဈေးပိုသက်သာတဲ့အပြင် အရောင်ကလည်း ပိုတောက်ပြီး ပိုစွဲပါတယ်။ အဲဒါကြောင့် အစားအသောက်ထုတ်လုပ်သူတွေဟာ Non-permitted dyes တွေကို သူတို့ထုပ်လုပ်တဲ့ စားသောက်ကုန်တွေမှာ တရားမ၀င် ထည့်သုံးလေ့ရှိကြပါတယ်။

Non-permitted dyes တွေဟာ စားမိသောက်မိတဲ့လူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Non-permitted dyes တွေကို စားသောက်ကုန်တွေမှာ အသုံးပြုမှုက များလာတာကြောင့် Non-permitted dyes ပါဝင်တဲ့ အစားအစာတွေဟာ အစားအသောက်အန္တရာယ်ကင်းရှင်းမှုနဲ့ပတ်သက်တဲ့ ပြဿနာကြီးတစ်ခုအနေနဲ့ (ကမ္ဘာမှာရော မြန်မာမှာပါ) ရှိနေပါတယ်။

** ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာ နည်းနည်း ထပ်ပြောပြပါလား **

မြန်မာနိုင်ငံက စားသောက်ကုန်တွေမှာ စစ်ဆေးထားတဲ့ တွေ့ရှိချက်တွေအရတော့ Rhodamine B, Auramine O, Sudan, Orange (၄) မျိုးဟာ အတွေ့ရအများဆုံး Non-permitted dyes တွေ ဖြစ်ပါတယ်။

Rhodamine B က အနီရောင်ဆိုးဆေးဖြစ်ပြီး အထည်အလိပ်လုပ်ငန်နဲ့ စက္ကူလုပ်ငန်းတွေမှာ အသုံးပြုလေ့ရှိပါတယ်။ ထိတွေ့မိရင် အရေပြား၊ မျက်စိ၊ အသက်ရှူလမ်းကြောင်းတွေမှာ ယားယံတာ၊ စပ်ဖျင်းဖျင်းဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ရေရှည်စားသုံးမိမယ်ဆိုရင်တော့ အာရုံကြော်စနစ်ပျက်စီးတာ၊ မျိုးပွားကိုထိခိုက်တာ၊ ကင်ဆာရောဂါ စတာတွေ ဖြစ်စေနိုင်ပါတယ်။

Auramine O ကိုလည်း အထည်အလိပ်လုပ်ငန်း၊ စက္ကူလုပ်ငန်းတွေမှာ အသုံးများပါတယ်။ သူကတော့ အ၀ါရောင်ပါ။ IARC အဖွဲ့အစည်းကြီးက Auramine O ကို ကင်ဆာရောဂါဖြစ်ကောင်းဖြစ်စေနိုင်တဲ့အရာ (Group 2B အဖြစ် သတ်မှတ်ထားပါတယ်။

Orange ကို အထည်အလိပ်လုပ်ငန်းတွေနဲ့ သစ်သားအရောင်တင်ရာမှာ သုံးလေ့ရှိပါတယ်။ ငရုပ်သီးမှုန့် ငရုပ်သီးဆော့စ်တွေမှာ အနီရောင်ရအောင် (တရားမ၀င်) ထည့်သုံးလေ့ရှိတတ်တယ်။ Orange II က အသည်းကိုပျက်စီးစေပြီး သွေးနီဥအရေအတွက်ကိုလည်း နည်းသွားစေပါတယ်။

Sudan ကလည်း စက်မှုလုပ်ငန်းတွေမှာ အသုံးများတဲ့ဆိုးဆေးဖြစ်ပြီး လိမ္မော်နီရောင် ရှိပါတယ်။ Sudan က ဆီးအိမ်ကင်ဆာနဲ့ တခြားကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။

** ခွင့်ပြုထားတဲ့ Permitted dyes တွေကတော့ ကျန်းမာရေးအတွက် စိတ်ချရတယ်ပေါ့နော် **

စိတ်ချရတယ်လို့တော့ ပြောလို့မရနိုင်ပါဘူး။ သုတေသနတွေအရတော့ တချို့သော Permitted dyes တွေဟာ ဆီးအိမ်ကင်ဆာ၊ အာရုံကြောကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ အသည်းကင်ဆာ စတဲ့ ကင်ဆာရောဂါတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါသေးတယ်။

နောက်ပြီး Permitted dyes တွေဟာ ပန်းနာရင်ကြပ်ရှိတဲ့သူတွေမှာ ပန်းနာရင်ကြပ်ထတာ၊ အရေပြားမှာအပိန့်တွေထလာတာ၊ အန်တာ၊ အသက်ရှူရကြပ်တာ၊ နှင်းခူထတာ စတဲ့ ဓာတ်မတည့်တဲ့လက္ခဏာတွေ (Allergic reactions) တွေကို ဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာ ဥာဏ်ထိုင်းတာ၊ အာရုံစူးစိုက်မှုမကောင်းတဲ့ရောဂါ (Attension Deficit Hyperative Disorder) တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

** မြန်မာနိုင်ငံက စားသောက်ကုန်တွေမှာရော ဆိုးဆေးအသုံးပြုမှုက တော်တော်များသလား **

မြန်မာနိုင်ငံ FDA က အစားသောက်တွေမှာ ဆိုးဆေးပါဝင်မှုရှိမရှိကို နှစ်စဉ်စစ်ဆေးလေ့ရှိပါတယ်။ ငါးပိထောင်း၊ ငရုပ်မှုန့်၊ ငရုပ်ဆီ၊ နနွင်းမှုန့်၊ဂပဲမှုန့်၊ ငါးပိထောင်း၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အချိုးရည် စတဲ့ အစားအသောက်နမူနာတွေထဲက တချို့မှာ Non-permitted dyes တွေ အသုံးပြုထားတာ တွေ့ရပါတယ်။ Auramine O, Rhodamine B နဲ့ Orange II တို့ကိုတော့ လက်ဖက်၊ ပုစွန်ငါးပိထောင်း၊ ပုစွန်ခြောက် စတာတွေမှာ ထည့်တတ်ကြပြီး Sudan ကိုတော့ ငရုတ်သီးမှုန့်၊ ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့ စတဲ့ စားသောက်ကုန်တွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။

၂၀၁၁ ခုနှစ် ရန်ကုန်မှာလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာဆိုရင် လက်ဖက်၊ ငါးပိ၊ မျှစ်၊ ပုစွန်ချဉ် နမူနာတွေထဲက ၃၅% မှာ Non-permitted dyes တွေ တွေ့ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ် နေပြည်တော်နဲ့ မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာဆိုရင် (ဈေးထဲက ငရုတ်သီးမှုန့် အရောင်တင်မှုန့်တွေကို နမူနာကောက်ယူခဲ့ပါတယ်) ငရုတ်သီးမှုန့်နမူနာတွေရဲ့ ၃၆.၇% မှာ Non-permitted dyes တွေ တွေ့ခဲ့ရပြီး၊ ၅၈.၂% မှာ Permitted dyes တွေ အသုံးပြုထားတာတွေ့ရပါတယ်။ ဘာဆိုးဆေးမှ သုံးမထားတာ ၅.၁% ပဲ ရှိပါတယ်။ အရောင်တင်မှုန့်နမူနာတွေရဲ့ ၈၇.၈% မှာ Non-permitted dyes တွေ တွေ့ခဲ့ရပြီး ၆.၁% မှာတော့ Permitted dyes တွေ တွေ့ခဲ့ရပါတယ်။ ဘာဆိုးဆေးမှ သုံးမထားတာ ၆.၁% ပဲ ရှိပါတယ်။ Sudan III, Rhodamine B, Orange II, Auramine O တွေတွေ့ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာဆိုရင်လည်း (အိမ်တွေမှာ အသုံးပြုဖို့ ၀ယ်ယူထားတဲ့ ငရုတ်သီးမှုန့်တွေကို နမူနာကောက်ယူခဲ့ပါတယ်)။ ငရုတ်သီးမှုန့်နမူနာတွေရဲ့ ၁၅.၉% မှာ Non-permitted dyes တွေ့ခဲ့ရပြီး ၈.၂% မှာ Permitted dyes တွေတွေ့ခဲ့ရပါတယ်။ ငရုတ်သီးမှုန့်နမူနာတွေရဲ့ ၁.၈% မှာတော့ Permitted ရော Non-permitted ရော နှစ်မျိုးလုံးပါနေတာ တွေ့ခဲ့ရပါတယ်။ ၇၄.၁% မှာတော့ ဘာဆိုးဆေးမှ အသုံးပြုမထားဘူးလို့ တွေ့ခဲ့ရပါတယ်။

အဲဒီတော့ ခြုံပြောရမယ်ဆိုရင် မြန်မာနိုင်ငံက စားသောက်ကုန်တချို့မှာ ဆိုးဆေးအသုံးပြုမှု (အဓိကအားဖြင့် Non-permitted dyes အသုံးပြုမှု) က တော်တော်များတယ်လို့ ဆိုနိုင်ပါတယ်။

** အစားအသောက်ဆိုးဆေးတွေကြောင့်ဖြစ်တဲ့ ပြဿနာတွေနဲ့ပတ်သက်ရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ **

ဘယ်သူ့မှာတာဝန်ရှိသလဲလို့ မေးရင်တော့ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောရမှာပါပဲ။

နိုင်ငံ့အစိုးရနဲ့ ဥပဒေပြုရေး၊ မူဝါဒရေးဆွဲရေး၊ အုပ်ချုပ်ကြီးရေးဆိုင်ရာတွေအနေနဲ့ လိုအပ်တဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပြီး ကျင့်သုံးဖို့ အရေးယူဖို့ လိုပါတယ်။
(မြန်မာနိုင်ငံမှာ Public Health Law 1972၊ National Food Law 1997 စသည်ဖြင့် ဥပဒေတွေ ပြဌာန်းထားတာရှိပါတယ်။

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်ပစ္စည်းတွေရဲ့ အန္တရာယ်ကင်းရှင်းမှုနဲ့ ပတ်သက်ပြီး အဓိကတာဝန်ယူထားပါတယ်။

မြန်မာနိုင်ငံက WHO နဲ့ FAO အဖွဲ့ဝင်လည်း ဖြစ်တဲ့အပြင်
အဲဒီအဖွဲ့အစည်းနှစ်ခုပူးပေါင်းပါဝင်ပြီး နိုင်ငံတကာအစားအသောက်စံချိန်စံညွှန်းတွေ သတ်မှတ်ထိန်းချုပ်တဲ့ Codex Alimentrius မှာလည်း လက်ရှိပါဝင်နေပါတယ်။
အဲဒီတော့ နိုင်ငံတကာအစားအသောက်အန္တရာယ်ကင်းရှင်းမှု စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း အကြုံးဝင်ပါတယ်၊ အဲဒီစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါတယ်။)

မြန်မာနိုင်ငံ FDA အနေနဲ့ **အစားအသောက်ဆိုးဆေးကိစ္စအပါအ၀င်** အစားအသောက်အန္တရာယ်ကင်းရှင်းမှုနဲ့ ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ ဆောင်ရွက်ဖွယ်ရာတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပါတယ်။

တစ်ဘက်ကလည်း အကြီးစား အလတ်စား အသေးစား စီးပွားရေးလုပ်ငန်းရှင်အားလုံးကလည်း စားသုံးသူတွေရဲ့ အန္တရာယ်ကင်းရှင်းမှုကို အလေးထားပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ်။ အစားအသောက်တွေမှာ အသုံးမပြုဖို့တားမြစ်ထားတဲ့ Non-permitted dyes တွေကို အစားအသောက်တွေမှာ လုံးဝအသုံးမပြုကြဖို့လိုပါတယ်။

စားသုံးသူပြည်သူလူထုအနေနဲ့ကလည်း
– ဆိုးဆေးပါဝင်တဲ့ အစားအသောက်တွေကြောင့် ဖြစ်နိုင်တဲ့အန္တရာယ်တွေကို သေသေချာချာ သိရှိနားလည်ဖို့
– ဆိုးဆေးပါဝင်တဲ့ အစားအသောက်တွေကို (Permitted dyes ပါတာပဲ ဖြစ်ဖြစ် Non-permitted dyes ပါတာပဲ ဖြစ်ဖြစ်) အသိရှိရှိ သတိရှိရှိနဲ့ စူးစမ်းရှောင်ရှားဖို့
– ဆိုးဆေးလုံးဝအသုံးမပြုထားတဲ့ အစားအသောက်တွေကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြဖို့
မဖြစ်မနေ လိုအပ်လှပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ …

Three Stars (ငရုပ်၊ သီးနှံခြောက်နှင့် အမှုန့်အမျိုးမျိုး)

*** မည်သည့်ဆိုးဆေးမှ အသုံးပြုမထားသော ငရုတ်သီးမှုန့် နနွင်းမှုန့် အမှတ်တံဆိပ် ***

*** Netherlands နိုင်ငံအသိအမှတ်ပြု ISO 22000, GMP, HACCP, EU & USDA Organic Certificate လက်မှတ်ရ စားသောက်ကုန်အမှတ်တံဆိပ် ***

Reference:
– Khin Chit et al. (2015) ‘Detection of food colorans in packed chilli powder and color powder collected from markets around Mandalay and Nay Pyi Taw Regions’, Myanmar Health Science Research Jornal, 27(2), pp. 137–141.
– Wai Phyo Han (2017) Knowledge, attitude and practice on food dyes among consumers in selected townships of Mandalay and detection of non-permitted dyes in chilli powder. University of Medicine, Mandaly.

#ThreeStars
#ChilliPowder
#TumericPowder
#Certified #OrganicProducts
#HACCP
#GMP
#ISO22000
#ProductOfMyanmar

Leave a Comment





This site uses Akismet to reduce spam. Learn how your comment data is processed.

Scroll To Top
%d bloggers like this: